အရက်ကြောင့် ကျောက်ကပ်ပျက်စီးနိုင်သလား
အရက်သောက်တာက အသည်းကို ထိခိုက်စေနိုင်တယ်ဆိုတ့အချက်ကိုတော့ တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ အရက်သောက်တာက အသည်းကိုတင် ထိခိုက် ပျက်စီးစေတာ မဟုတ်ပါဘူး။ ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ကိုယ်တိုင်လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
အရက်သောက်တာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ အရက်သောက်တာက အသည်းအဆီဖုံးတာ၊ အသည်ခြောက်တာ၊ အသည်းကင်ဆာစတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အရက်ကို ၁ ခွက် ၂ ခွက်လောက် သောက်တာက ကိစ္စ မရှိပေမယ့် အရက်ကို အလွန်အကျွံ သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
အရက်က ကျောက်ကပ်ကို ဘယ်လို ထိခိုက်စေနိုင်လဲ
ကျောက်ကပ်ဆိုတာက သွေးထဲက အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို စစ်ထုတ်ပေးရတဲ့ အင်္ဂါ အစီတ်အပိုင်းပါ။ အရက်မှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေ ပါဝင်နေပါတယ်။ ဒီတော့ အရက်သောက်လိုက်တဲ့အခါ သွေထဲကို ရောက်သွားတဲ့ အယ်လ်ကိုဟောတွေနဲ့ အဆိပ်အတောက်တွေကို အသည်းနည်းတူ ကျောက်ကပ်ကလည်း စစ်ထုတ်ရပါတယ်။
ကျောက်ကပ်က သွေးသန့်စင်တာအပြင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေကိုလည်း လုပ်ဆောင်ရပါသေးတယ်။ အရက်မှာပါတဲ့ အရာတွေက ကျောက်ကပ်ရဲ့ လုင်္ပငန်းဆောင်တာတွေကို ထိခိုက်စေပြီး ရေရှည်မှာ ကျောက်ကပ်က စွမ်းဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။
ကျောက်ကပ်ရဲ့ အရေးအကြီး တာဝန်တစ်ခုက ကိုယ်တွင်းမှာ လုံလောက်တဲ့ ရေဓာတ် ရရှိစေဖို့ပါ။ အရက်က ကျောက်ကပ်ရဲ့ ရေဓာတ် ထိန်းညှိနိုင်စွမ်းကိုလည်း ထိခိုက်စေပါသေးတယ်။ ဒီတော့ အရက်ကြောင့် ကျောက်ကပ်အပါအဝင် ကိုယ်တွင် အင်္ဂါတော်တော်များများမှာ ရေဓာတ် မပြည်ဝမှုတွေကို ခံစားကြရပါတယ်။ ဒီအချက်ကပဲ ကိုယ်က ဆဲလ်တွေကိုရော ကျောက်ကပ်အပါအဝင် အစိတ်အပိုင်း တော်တော်များများကို သူတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းသွားစေပါတယ်။
နောက်ပြီး အရက်အလွန်အကျွံ သောက်ခြင်က သွေးတိုးစေနိုင်ပါတယ်။ သွေးတိုးတာက ကျောက်ကပ်ကို ထိခိုက်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ သွေးတိုးရှိသူတွေမှာ ကျန်းမာရေးကို သေချာ ဂရုမစိုက်ဘူးဆိုရင် ရေရှည်မှာ ကျောက်ကပ် ထိခို်ကလာနိုင်ပါတယ်။ တစ်နေ့ကို အရက် ၂ ခွက်ထက် ပိုသောက်တာက သွေးတိုးရောဂါ ခံစာရနိုင်ခြေ များစေပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။
အရက်ကို စွဲသောက်တာက အသည်းရောဂါကိုတင် ခံစားရတာ မဟုတ်ဘဲ ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်တာကို တတ်နိုင်သမျှ လျှော့ပါ။ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါ။
အရက်ဆိုလို့ အရက်ကတင် မဟုတ်ပါဘူး အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေ ဖြစ်တဲ့ ဘီယာ၊ ဝိုင်၊ ကော့တေး စတဲ့ သောက်စရာတွေကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
ကျောက်ကပ် ကျန်းမာစေဖို့
ကျောက်ကပ် ကျန်းမာစေဖို့အတွက် အရက် လျှော့သောက်တာ အပြင်၊ ရေများများသောက်တာ၊ သွေးပေါင်ချိန် ထိန်းညှိတာ၊ သွေးချို ထိန်းညှိတာတွေကို လုပ်ဆောင်ဖို့ လိုသလို ပုံမှန် ကျောက်ကပ် စစ်ဆေးတာမျိုးလည်း လုပ်ဆောင်ဖို့ လိုပါမယ်။ ဆေးဝါးတွေကို မှန်မှန်လေး သောက်သုံးပေးဖို့လည်း လိုပါမယ်။ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။ အသက် ၆၅ နှစ်အထက် ဖြစ်နေမယ်ဆိုရင်တော့ အရက်ပါတဲ့ သောက်စရာတွေကို လုံးဝ ရှောင်ဖို့ လိုပါမယ်။
မွန်မွန်